Popular Posts

Wednesday, 14 September 2011

ကန်စွန်းရွက်ချဉ်ရေဟင်း နဲ့ ကြက်သလုံးကြော်

           အရင်ပြောခဲ့သလိုပါပဲ။ ရွှေမြိုင်သူ ပထမဦးဆုံးချက်တတ်တဲ့ ဟင်းက ကန်စွန်းရွက်ချဉ်ရေဟင်းပါ။ အကြိုက်ဆုံးကလည်း ကန်စွန်းရွက်ချဉ်ရေပါပဲ။ ထမင်းကို ဒီချဉ်ရေဟင်းလေးဆမ်း ငပိရည် ငရုတ်မှုန့်နဲ့နယ်ပီး ငါးကြော်ကြွပ်ကြွပ်လေးနဲ့စားရတာ ဘယ်တော့မှ မရိုးနိုင်ပါဘူး။ ဒီဟင်းကို ချက်စားဖြစ်တိုင်း အမေ့ကို သတိရပါတယ်။ တကယ်တော့ ကန်စွန်းရွက်ချဉ်ရေဆိုတာ ဟင်းအဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ အမေက  သူ့လက်နဲ့ သေသေချာချာ မှတ်မှတ်ရရ သင်ပေးခဲ့လို့ ဒီဟင်းရည်နဲ့ စားရတိုင်း အမေ့လက်ရာကို လွမ်းမိပါတယ်။  
        ချဉ်ရေဟင်း ၂ယောက်စာ တအိုးအတွက် 
       ၁။ ကန်းစွန်းရွက်တစည်း
       ၂။ ခရမ်းချဉ်သီးတလုံး
       ၃။ ငပိစိမ်းစားအနည်းငယ်
       ၄။ မရမ်းပြား ၄ ခြမ်း
       ၅။ အစိမ်းမှုန့် ၁ ဇွန်း
       ၆။ ငါး သို့မဟုတ် ပုဇွန် လိုအပ်ပါတယ်။

       ဒီနေ့တော့ ငါးမသုံးပဲ ပုဇွန် အရွယ်တော် ၄ကောင်လောက် နွှင် ပါးပါးလှီးပီး အိုးတလုံးထဲ ကန်စွန်းရွက် ရေဆေးနွှင်ထားတာတွေနဲ့ ရောထည့်လိုက်ပါတယ်။ နောက် ခရမ်းချဉ်သီးကိုလည်း လှီးမနေတောပဲ လက်နဲ့ပဲ ခြေပီး ငပိစိမ်းစား မရမ်းပြား အစိမ်းမှုန့် တို့နဲ့တူတူ ငံပြာရည် နဲ့ ဆီ တစ်ဇွန်းလောက် ဆမ်း အိုးထဲထည့်ပီး လက်သန့်သန့်နဲ့ နယ်ပါတယ်။ 








 နောက်မီးဖိုပေါ်မှာ မီးအေးအေးနဲ့ နွမ်းအောင်တည်ပီး နွမ်းလာရင် ရေမြှုပ်အောင်ထည့်ပီး ပွက်ပွက်ဆုအောင ထပ်တည်ပါတယ်။ ပွက်ပွက်ဆူလာရင် အရသာအပေါ့အငံမြည်းပီးလိုတာထည့်ပီးရင် အရသာရှိလှတဲ့ ကန်စွန်းရွက်ချဉ်ရေတခွက်ရပါပီရှင်။

ချဉ်ရေဟင်းနဲ့ လိုက်တာက ငါးကြော်ကြွပ်ကြွပ်လေးပေမဲ့ ဒီနေ့တော့ကြက်သလုံးကြော်လေးပဲ လုပ်စားဖြစ်ပါတယ်။ အရင်ဆုံး ကြက်သွန်ဖြူတဥ ဂျင်းလက် ၂ ဆစ်လောက်ကို ညက်အောင်ထောင်းပီး ကြက်သား နုပ်နုပ်စင်းထားတဲ့ အထဲကို အရေညှစ်ထည့်ပါတယ်။ ပီးရင် 
                        ငရုတ်ကောင်းမှုန့် 
                        ကြက်သွန်ဖြူ ဂျင်းထောင်းထာတဲ့ အနည်းငယ်
                        ဂျူံမှုန့်အနည်းငယ်
                        ကြက်ဥအကြည်ရေ 
                        ပဲငပြာရည်အနောက် နဲ့ ဆားအနည်းငယ် ထည့်ပီး သမသွားအောင် နာနာနယ်ပါတယ်။ 
ပီးနောက် လက်မှာ မကပ်အောင် ဆီအနည်းငယ် စွတ်ပီး ကြက်သားကို အရွယ်တော် အလုံးလေးတွေ ဖြစ်အောင် လုံးပါတယ်။ 




                                              
              နောက် ဆီပူပူမှာ ကြက်သားလုံးလေးတွေ ထည့်ပီး အကျက်ညီအောင် မီးအေးအေးနဲ့ ကြော်ပါတယ်။ 

                  ကဲ ဒီနေ့ညစာ ကန်စွန်းရွက်ချဉ်ရေဟင်းလေး နဲ့ ကြက်သလုံးကြော်လေးရပါပီရှင်။    

                                              

       





                    
      










          


        




အတိတ်ရဲ့ ခြေရာလေးများ



    ရွှေမြိုင်သူ ပထမဆုံး ချက်တတ်တဲ့ ဟင်းက ချဉ်ရေဟင်းပါ။ အမေက ရွှေမြိုင်သူ ၁၀ တန်းစာမေးပွဲဖြေပီးတော့ သူနဲ့တူတူ ဈေးလိုက်ခိုင်းပီး ဈေးဝယ်သင်ပေးပါတယ်။ အမေနဲ့တူတူ မနက်စောစောထ ဈေးခြင်းဆွဲပြီး မော်လမြိုင်သံလွင်ဈေးကို ကားတဆင့် ကုန်းကြောင်းတဆင့် သွားတာပါ။ အပြန်ကျ ဆိုက်ကားနဲ့ ရွှေမြိုင်သူတို့အိမ်ရှိရာ အထက်လမ်းမကြီးကို တက်ပါတယ်။ အရင်ကတော့ အဲဒီလို မနက်အိပ်မှုံစုံမွှားသွားရတာကို ညည်းညူခဲ့တာပါ။ ဒါပေမဲ့ နောင် ၁၀နှစ်ကျော်ကြာလို့ ခု ပြန်စဉ်းစားတဲ့ အခါ အမေနဲ့တူတူ သားအမိနှစ်ယောက်သား လမ်းကလေးလျှောက် ဘတ်စ်ကားလေးစီးပီး စကားတပြောပြောနဲ့ သွားခဲ့ရတာကို ပြန်လွမ်းလာပါတယ်။ 


သံလွင်ဈေးထဲမှာ ဈေးရောင်းဈေးဝယ်တွေနဲ့ စည်းကားနေတာတွေ သားအမိ နှစ်ယောက် ဈေးဝယ်ပြီးရင် ဈေးထဲကမုန့်တီဆိုင်မှာ အားရပါးရထိုင်စားကြတာတွေ နောက် သားငါးသည်ကအလေးမှန်မချိန်ပေးလို့ အာပေါက်အောင် ပြန်ပြောရတာတွေ စသဖြင့် အစုံပါပဲ။ အမေက သားငါးချိန်ပီးတိုင်း သမာဓိချိန်ခွင်မှာ သွားချိန်ပါတယ်။ မချိန်ခင်လည်း ဈေးသည်ကိုမမှန်ရင် လိုတဲ့ အလေးချိန်အတိုင်း ငွေပြန်ပေးရမယ် ပြောပြီးမှ ချိန်ပါတယ်။ ချိန်တိုင်းလည်း လိုနေတာက များပါတယ်။ အဲဒီတော့ အမေနဲ့ ဈေးသည်တွေ့ကြလေသတည်းပေါ့။ တခါမှ ငစိမ်းသည်နဲ့ ရန်ဖြစ်တယ် ဘာတယ်ရယ်လို့ အမေ့မှာ မရှိပါဘူး။ အမြဲတန်း သူသွားပြောရင် လိုတဲ့ငွေ ပြန်ပေးလိုက်တာချည်းပါပဲ။လွယ်လွယ်ကူကူနဲ့ပေးတာတော့မဟုတ်ဘူးပေါ့။ တခါတလေ အာပေါက်အောင်တော့ ပြော၇တာပေါ့လေ။ ဈေးသည်တွေက အမေ့ကို သိနေကြတာလည်း ပါပါတယ်။ ရွှေမြိုင်သူက အဲဒီလို အလေးမမှန်လို့ သွားပြန်ပြောရတာကို ရှက်ပါတယ်။ ဒါပေမဲ့ အမေက ဒီလိုတွက်ပြပါတယ်။ ငါးတပိဿာကိုတစ်ထောင် ဆိုရင် တဆယ်သားကို တစ်ရာ တစ်ကျပ်သားကို တစ်ဆယ် အဲဒီတော့ တကျပ်သားလျော့ရင် တဆယ် နှစ်ကျပ်သားလျော့ရင် နှစ်ဆယ်ပေါ့။ ငါးသည်တွေကလည်း အမြဲလိုလို အနည်းဆုံးနှစ်ကျပ်သား သုံးကျပ်သားတော့ လျော့ချိန်ပေးကြတာချည်းပါပဲ။ ဒါပေမဲ့ အဲဒီခေတ်က ငွေနှစ်ဆယ်ဆိုတာ အိမ်နဲ့ဈေး ဘတ်စ်ကားခလောက်ရှိပါတယ်။   

    အမေ အဲဒီလို တွက်ပြလိုက်ကတည်းက ရွှေမြိုင်သူလည်း အမေ့သမီး ပီသစွာ ဈေးစစ်အလေးစစ်လုပ်တတ်လာပါတော့တယ်။ တကယ်တော့ ဒါတွေဟာ အိမ်ရှင်မတွေအတွက်အဆန်းမဟုတ်ပေမဲ့ ဆယ့်ခြောက်နှစ်သမီး ရွှေမြိုင်သူအတွက်ကတော့ စွန့်စားခန်းကြီးပါပဲရှင်။
           ရွယ်တူ သူငယ်ချင်းတွေက အထက်ဈေး အောက်ဈေး စုံအောင်ပတ်နေကြတဲ့ ရွှေမြိုင်သူတို့ကတော့ သံလွင်ဈေးအကြောင်း သူငယ်ချင်းတွေကို ခုံခုံမင်မင်နဲ့ ပြောပြပါတယ်။ သူတို့ကတော့ ကိုယ့်ကို အံသြလို့ပေါ့လေ။
        ဒါပေမဲ့ ခုတော့လည်း အချိန်တွေ နေရာတွေ ပြောင်းလို့ မော်ရွှေမြိုင်ကနေ ခြင်္သေ့မြို့တော်ကြီးမှာ အခြေကျ နေရာဒေသနဲ့လိုက်ဖက်ညီစွာ ရှိရှိသမျှ ရှောပင်းမောလ်တွေ ပလာဇာတွေမှာလည်း ခြေရာချင်းထပ်အောင်သွားတတ်ခဲ့ပါပြီ။   တခါတလေ ဈေးချနေတာသိရက်နဲ့ မသွားဖြစ်ခဲ့ရင် ကိုယ့်စိတ်ထဲ တာဝန်ပဲမကျေသလိုလို။
သို့သော်ငြားလည်း ကိုယ့်ဇာတိ ကိုယ့်မြေကိုယ့်ရေ ပြန်ရောက်တိုင်း သံလွင်မြစ်ကမ်းနားက ဈေးကလေးဆီ အတိတ်ရဲ့ခြေရာကောက် လမ်းလျှေက်သွားဆဲပါပဲ။ဘတ်စ်ကားမစီးတော့ပဲ မနက်ဘက် နှင်းတွေဝေနေတဲ့အချိ န်လမ်းလျှောက်သွားရတဲ့အရသာကို စင်္ကာပူမှာ ခဏခဏလွမ်းနေမိပါကြောင်း…