ရွှေမြိုင်သူ ပထမဆုံး ချက်တတ်တဲ့ ဟင်းက ချဉ်ရေဟင်းပါ။ အမေက ရွှေမြိုင်သူ ၁၀ တန်းစာမေးပွဲဖြေပီးတော့ သူနဲ့တူတူ ဈေးလိုက်ခိုင်းပီး ဈေးဝယ်သင်ပေးပါတယ်။ အမေနဲ့တူတူ မနက်စောစောထ ဈေးခြင်းဆွဲပြီး မော်လမြိုင်သံလွင်ဈေးကို ကားတဆင့် ကုန်းကြောင်းတဆင့် သွားတာပါ။ အပြန်ကျ ဆိုက်ကားနဲ့ ရွှေမြိုင်သူတို့အိမ်ရှိရာ အထက်လမ်းမကြီးကို တက်ပါတယ်။ အရင်ကတော့ အဲဒီလို မနက်အိပ်မှုံစုံမွှားသွားရတာကို ညည်းညူခဲ့တာပါ။ ဒါပေမဲ့ နောင် ၁၀နှစ်ကျော်ကြာလို့ ခု ပြန်စဉ်းစားတဲ့ အခါ အမေနဲ့တူတူ သားအမိနှစ်ယောက်သား လမ်းကလေးလျှောက် ဘတ်စ်ကားလေးစီးပီး စကားတပြောပြောနဲ့ သွားခဲ့ရတာကို ပြန်လွမ်းလာပါတယ်။
အမေ အဲဒီလို တွက်ပြလိုက်ကတည်းက ရွှေမြိုင်သူလည်း အမေ့သမီး ပီသစွာ ဈေးစစ်အလေးစစ်လုပ်တတ်လာပါတော့တယ်။ တကယ်တော့ ဒါတွေဟာ အိမ်ရှင်မတွေအတွက်အဆန်းမဟုတ်ပေမဲ့ ဆယ့်ခြောက်နှစ်သမီး ရွှေမြိုင်သူအတွက်ကတော့ စွန့်စားခန်းကြီးပါပဲရှင်။
ရွယ်တူ သူငယ်ချင်းတွေက အထက်ဈေး အောက်ဈေး စုံအောင်ပတ်နေကြတဲ့ ရွှေမြိုင်သူတို့ကတော့ သံလွင်ဈေးအကြောင်း သူငယ်ချင်းတွေကို ခုံခုံမင်မင်နဲ့ ပြောပြပါတယ်။ သူတို့ကတော့ ကိုယ့်ကို အံသြလို့ပေါ့လေ။
ဒါပေမဲ့ ခုတော့လည်း အချိန်တွေ နေရာတွေ ပြောင်းလို့ မော်ရွှေမြိုင်ကနေ ခြင်္သေ့မြို့တော်ကြီးမှာ အခြေကျ နေရာဒေသနဲ့လိုက်ဖက်ညီစွာ ရှိရှိသမျှ ရှောပင်းမောလ်တွေ ပလာဇာတွေမှာလည်း ခြေရာချင်းထပ်အောင်သွားတတ်ခဲ့ပါပြီ။ တခါတလေ ဈေးချနေတာသိရက်နဲ့ မသွားဖြစ်ခဲ့ရင် ကိုယ့်စိတ်ထဲ တာဝန်ပဲမကျေသလိုလို။
သို့သော်ငြားလည်း ကိုယ့်ဇာတိ ကိုယ့်မြေကိုယ့်ရေ ပြန်ရောက်တိုင်း သံလွင်မြစ်ကမ်းနားက ဈေးကလေးဆီ အတိတ်ရဲ့ခြေရာကောက် လမ်းလျှေက်သွားဆဲပါပဲ။ဘတ်စ်ကားမစီးတော့ပဲ မနက်ဘက် နှင်းတွေဝေနေတဲ့အချိ န်လမ်းလျှောက်သွားရတဲ့အရသာကို စင်္ကာပူမှာ ခဏခဏလွမ်းနေမိပါကြောင်း…
No comments:
Post a Comment